Wednesday, August 5, 2009

Don't touch him. Touch me.

ရုံးမှာ မိတင်ဆိုတဲ့အတွက် သွားလိုက်ပါတယ်(meeting)။ နောက်တစ်ပတ် စနေနေ့မှာ ကျနော်တို့ client တစ်ဦးဖြစ်တဲ့ Alicafe နဲ့ ဟောင်ကောင်စတား Raymond Lam တို့ရဲ့ အရောင်းမြှင့်တင်ရေး showပွဲ ရှိတဲ့အကြောင်း၊ အဲဒီပွဲမှာ လုပ်ရမယ့်တာဝန်တွေကို ကျနော်တို့ အားလုံးကို အသီးသီးခွဲဝေပေးပါတယ်။
Alicafe ရဲ့ ကြော်ငြာဒီဇိုင်းအားလုံးကို ကျနော်တို့ ကုမ္မဏီက အားလုံးတာဝန်ယူလုပ်ပေးတာပါ။ အခုလည်း ဒီပွဲရဲ့ ဒီဇိုင်းအပြင်အဆင်အားလုံးကို လုပ်ပေးရပါတယ်။ ဘယ်သူက ဓါတ်ပုံ၊ ဘယ်သူက ဗွီဒီယိုရိုက်ကူးရေး .. စသဖြင့် တာဝန်တွေ ခွဲဝေပေးလိုက်ရာ ကျနော်က အခန်းအနားပြင်ဆင်တဲ့နေရာမှာ ကျနော်တို့ရဲ့ Team Leader မမကြီးကို ကူညီဖို့၊ မင်းသားရဲ့လက်မှတ်ထိုးပေးဖို့ လာရောက်တန်းစီသူတွေကို ကြီးကြပ်ဖို့ တာဝန်ကျလာပါတယ်။ တာဝန်ဆိုပြီးလုပ်တာပါ..တကယ်တော့ ကျေးဇူးပြုပြီး ဒီနားမှာတန်းစီပေးပါ ခင်ဗျာ.. အဲဒီလိုလေးပြောရုံလေးပါ။ ဟောင်ကောင်မင်းသား လင်ဖုန်းဆိုတာက HR အပျိုကြီးမမရဲ့အသည်းလေးဆိုတော့ သူက တက်တက်ကြွကြွနဲ့ တာဝန်တွေခွဲပေးပါတယ်။ အားလုံးအရေးကြီးတယ် ဆိုတဲ့အကြောင်း၊ ဖုန်းဖွင့်ထားဖို့ နဲ့ stand by ဖြစ်နေဖို့ ။ ဂရုတစိုက်ကို မှာကြားပါတယ်။
ဟုတ်ကဲ့ အချိန်က စနေနေ့ ညနေ၇နာရီခွဲ။ နေရာက Jurong Point Shopping Center။

အားလုံးစနေနေ့ နေ့လည်၁၂နာရီမှာ jurong point မှာဆုံကြပါတယ်။
ကျနော်ရောက်တော့ ကျနော့်ကို ဦးထုပ်တစ်လုံးနဲ့ လည်ပင်းမှာဆွဲတဲ့ကြိုးလေးပေးပါတယ်။
သက်.. မင်းက security တဲ့။
ဗျာ .. ဒီပုံနဲ့ ဒီခန္ဒာကိုယ်နဲ့ က ... ဒီမင်းသားကို.. security လုပ်ပေးရမယ်။ မဟုတ်ဘူးလေ..ကျနော့်တာဝန်က။ မရပါဘူး.. Security လုပ်ရပါမယ်။ ဟုတ်ကဲ့ .. ကျနော့်ရဲ့ကြီးမားတဲ့ကိုယ်ခန္ဒာနဲ့ ဟောင်ကောင်မင်းသား လင်ဖုန်းကို အကာအကွယ်ပေးခဲ့ရပါတယ်။ ပရိတ်သတ်ကလည်း မင်းသားဆိုတော့ တိုးကြတာပေါ့ .. အဲဒီတော့ ကျနော်တို့က ပြောရပါတယ် မင်းသားကိုမထိနဲ့ .. ထိချင်ထိ .. ငါ့ကိုထိပေါ့။
ကျနော်တို့ဆိုတာက ရုံးမှာ ယောက်ျားလေးအငယ်ဆိုလို့ ကျနော်၊ကိုမောင်နဲ့ ဒန်နီ သုံးယောက်ပဲရှိပါတယ်။ သုံးယောက်လုံး security လုပ်ရပါတယ်။
ည၇နာရီမှာ မင်းသားလင်ဖုန်း လာပါမယ်။ နေ့လည်ကတည်းက သူလာရင်သွားမယ့်နေရာနဲ့လမ်းကြောင်းကိုလိုက်ပြထားပါတယ်။ ကျနော်တို့နဲ့ jp2 က security တွေက သူ့ကိုဝိုင်းပြီး စတိတ်စင်ပေါ်ကို လိုက်ပို့ရပါမယ်။

ကြာပါတယ်..
မင်းသားလာပါပြီ။

သူ့ကို အိုအေစစ်ခန်းမကိုပို့ပေးပါရပါတယ်။ မီဒီယာတွေနဲ့အင်တာဗျူးလုပ်ဖို့အတွက်ပါ။ သူက မျက်နှာကို နှာခေါင်းဖုံးလေးစွပ်လာတော့ လူတွေက မသိကြပါဘူး။ ကျနော်တို့က ဘေးက၀ိုင်းပြီး လိုက်လာကြတော့ တချို့လူတွေကတော့ မှတ်မိကြပါတယ်။ ဟယ်.. ကိုကျော်ရဲအောင်ကြီးတော့..။ ဟုတ်ပေါင်..ဟယ် လင်ဖုန်း..လင်ဖုန်း ပေါ့လေ။ သူတို့ (ဆယ်ကျော်သက်တွေ) အသည်းစွဲဆိုပဲ။ ကိုယ်ကတော့မသိပေါင်။ ကြားတောင်မကြားဖူးဘူး။
အိုအေစစ်ခန်းမမှာ မီဒီယာတွေနဲ့ ဗျူးကြပါတယ်။ မဗျူးခင်မှာ ရှိသမျှ security တွေအားလုံးက နောက်လမ်းကြောင်းအတွက် နောက်တစ်နေရာကို ကြိုပြီးသွားကြပါပြီ။ ခန်းမရှေ့မှာ ကျနော်ရယ် တခြား security နှစ်ယောက်ရယ်ပဲရှိပါတော့တယ်။ အဲဒီမှာ ဇာတ်လမ်းက စပါတယ်။ မင်းသားက အပေါ့သွားချင်လို့တဲ့။ အိမ်သာကိုလိုက်ပို့ရပါမယ်။ လူတွေကလည်း မင်းသားရောက်နေတာသိတော့ ခန်းမရှေ့မှာ ၀ိုင်းအုံလာကြပါတယ်။ ကျနော်မှာ အိမ်သာထိရောက်အောင် မင်းသားကို ကာပြီးလိုက်ပို့ရပါတယ်။
မီဒီယာတွေနဲ့ အင်တာဗျူးပြီးကြတော့ မင်းသားကို ကားပေါ်ပို့ပြီး စတိတ်စင်ဘက်ကိုပြေးရပါတယ်။ အဲဒီဘက်မှာတော့ security အားလုံး ဆယ့်သုံးယောက်လောက်ရှိပါတယ်။ လူတွေကကြိတ်ကြိတ်တိုးဆိုတော့ လန့်ပါတယ်ခင်ဗျ။ အဲဒီလိုနဲ့ အားလုံးဝိုင်း ကာဗာလုပ်ပြီးသကာလ မင်းသားလင်ဖုန်းလည်း စင်ပေါ်ကိုရောက်သွားပါတော့တယ်။
သူ့ပရိတ်သတ်ဆယ်ကျော်သက်လေးတွေဆိုတာကလည်း နည်းမှမနည်းကိုး။ သူ့ပိုစတာမှာ သူ့လက်မှတ်ကိုလိုချင်လို့ နေ့လည်ဆယ်နှစ်နာရီလောက်က တန်းစီးပြီး ထိုင်စောင့်နေကြတာတွေပေါ့။
စင်ပေါ်မှာ လက်မှတ်ထိုးပေး၊ စကားပြော၊ ဓါတ်ပုံအရိုက်ခံပြီးတော့ မင်းသားပြန်ပါတယ်။ အဲဒီနောက် ကျနော်တို့ သူ့ကားပေါ်ကိုပြန်လိုက်ပို့ရပါတယ်။
ပြီးတော့ မင်းသားကို ကျနော်တို့ကုမ္မဏီက ဒင်နာလိုက်ကျွေးပါတယ်။ ကျနော်ကတော့ ဒင်နာမတက်ခဲ့တော့ပါဘူး။ ဟုတ်ကဲ့ ကျနော်တို့ရုံးက HRမမကြီးရဲ့ အချစ်တော်၊ ရုံးကကောင်မလေးတွေရဲ့အသည်းစွဲ Raymond Lam ခေါ် ဟောင်ကောင်စတား မင်းသား လင်ဖုန်းနဲ့ ကျနော် အမှတ်မထင်ဆုံစည်းခဲ့တာလေးကတော့ ကျနော့်ရဲ့ အမှတ်တရနေ့ရက်များထဲက အမှတ်တမဲ့လေးတစ်ခုသာ ဖြစ်ခဲ့ကြောင်း..။


ဆောင်းချမ်းမိုး