Saturday, August 22, 2009

ပန်းတွေဝေသော်လည်း


တချို့က နှင်းဆီဟုဆို၍ တချို့က သဇင်ဟုဆိုကြသည်။ တချို့ကတော့ ခတ္တာ၊ တချို့ကတော့ ဇီဇ၀ါဟု ပြောကြလေသည်။ ပန်းလေးတွေဟာ ဘယ်လောက်လှပကြောင်း၊ ဘယ်လောက်မွှေးပျံ့ကြောင်း၊ ထိုသို့ ပန်းလေးတွေအကြောင်းပြောကြတိုင်း ကျနော့်ရင်ထဲတွင် အမြဲမွှေးပျံ့ပြီး ပွင့်လန်းလျက်ရှိနေတဲ့ ပန်းလေးတစ်ပွင့်ကို သွား၍သတိရနေမိတတ်ပါသည်။

(၁)
ဟိုးအရင်အချိန်တွေက မိုးဦးကျ ဒီလိုအချိန်ဆိုရင် ခြံထဲမှာ စံပယ်တွေ ဖွေးဖွေးလှုပ်အောင် ပွင့်နေတတ်တယ်။ မေမေက ဘုရားမှာ ပန်းတွေ ကပ်ပြီးပြီးဆိုမှ ကျနော်က စံပယ်ပန်းတွေဆွတ်ပြီး စံပယ်ကုံးလေးတွေ ကုံးတယ်။ ပြီးရင်တော့ သူတို့အိမ်ဘက်ကို သွားပြီး စံပယ်ကုံးလေးတွေ ပေးနေကျပါ။ တချို့ကိုသူတို့အိမ်က ဘုရားမှာကပ်ပြီး။ တချို့ကို သူက ပန်ပါတယ်။ စံပယ်ပန်းလေးတွေ သူခေါင်းမှာ ပန်နေပုံကို ကျနော်က ပြုံးပြီးကြည့်နေတတ်တယ်။ စံပယ်ပန်းလေးတွေကို ချစ်မြတ်နိုးသူမို့ စံပယ်ပွင့်တာနဲ့ သူ့ကိုပြေးမြင်မိတယ်။ စံပယ်ပန်းရနံ့ ရတာနဲ့ သူ့ကိုသတိရမိတတ်တယ်။

ငယ်ငယ်လေးကတည်းက တက္ကသိုလ်ကျောင်းသားဘ၀ ကြီးတဲ့အချိန်ထိ ကျနော့်သူငယ်ချင်းလေးအတွက် ကျနော် စံပယ်ပန်းကုံးတွေ ပေးနေကျပါ။ သူကလည်း အမြတ်တနိုးပန်ဆင်နေကြပေါ့။ ခင်မင်မှုတစ်ရောင်တစ်သွေးမှာ သူငယ်ချင်းလေးတွေအဖြစ် ကျနော်တို့ ဖြူဖြူစင်စင်လေးလင်းခဲ့ကြပါတယ်။ အဲဒီမျက်ဝန်းညိုညိုလေးနဲ့ ငါ့ရင်ဘတ်ကို ခေါင်းလောင်းမထိုးပါနဲ့ ဆိုတဲ့ကဗျာလေးကို သူမတွေ့ခင်အချိန်က အထိပေါ့။ အဲဒီကဗျာလေးကို မဂ္ဂဇင်းတစ်စောင်ကတွေ့ပြီး ကြိုက်လွန်းလို့ ကျနော့်စာအုပ်လေးထဲမှာ ကူးခဲ့တာပါ။ ဒါပေမယ့် သူ့ဆီကငှားလာတဲ့ သူ့စာအုပ်လေး ဖြစ်နေတယ်။ ဒီတော့ကဗျာလေးက သူ့ဆီပါသွားတော့တာပေါ့။

ကဗျာနဲ့ပတ်သက်ပြီး သူက အဲဒီကဗျာကို ကျနော်ရေးထားပြီး သူ့ကိုပေးတယ်လို့ ထင်တယ်။ ကျနော်က မဟုတ်ကြောင်း ငြင်းတယ်။ သူက ထပ်မေးတယ်။ ကျနော်က ငြင်းတယ်။ သူ လက်လျော့သွားပါတယ်။ ကျနော့်ကို ကိုယ်လုပ်ခဲ့တာ ကိုယ်ဝန်မခံရဲတဲ့သူ၊ သတ္တိမရှိတဲ့သူလို့ ပြောတယ်။အဲဒီနေ့က စံပယ်တွေ ငိုသွားခဲ့တယ်။ ကျနော့်ရဲ့ အိမ်အပြန်လမ်းလေးလဲ တိတ်ဆိတ်လို့...။

နောက်နေ့တွေကတော့ အရင်လိုပါပဲ။ ကျနော်ကလည်း စံပယ်တွေပွင့်ပြီဆို သူ့ကိုသွားပေးနေကျ။ သူကလည်း ကျနော်ပေးတဲ့ စံပယ်ပန်းလေးတွေကို ပြုံးပြုံးလေးပန်နေကျ။

(၂)
စံပယ်လိုဖြူစင်တယ် .. စံပယ်ပန်းလေးလို လှတယ်။
ညင်ညင်သာသာ ရနံ့လေးများစွာ .. ပေးတယ်။
ချိုချိုရွှင်ရွှင် အလှဆုံးအပြုံး .. သူပြုံးတယ်။
ချာချာလည်ကာ ကိုယ့်အသည်းလေး ..မူးသွားတယ်။

ဂျက်မြသောင်းရဲ့ စံပယ် သီချင်းလေးက ဟိုးအဝေးကနေ ခပ်တိုးတိုးလေးလွင့်လာတယ်။ ကျနော် သတိရမိသွားတာက သူ..။

သူ့မျက်နှာပေါ်က စံပယ်တင်မှဲ့ကလေးရယ်၊ သူ့ပါးပေါ်က သနပ်ခါးပါးကွက်ကျားလေးတွေရယ်၊ ရိုးရိုးအေးအေးလေးနဲ့ သူ့ပုံစံလေးက ကျနော့်ရင်ထဲ့ကို တစ်စတစ တိုးဝင်ငြိတွယ်စပြုလာတယ်။ သူငယ်ချင်းလေးအပေါ်မှာ ကျနော့်စိတ်တွေယိမ်းယိုင်စပြုလာပြီလား။ သူက စံပယ်ပန်းလေးတွေလိုပဲ ဖြူစင်ရိုးသားတယ်။ အေးဆေးတည်ငြိမ်တယ်။ မိဘတွေအပေါ်မှာ လိမ္မာတဲ့သမီးကောင်းလေးတစ်ယောက်ဖြစ်သလို၊ ကျနော့်အပေါ်မှာလည်း အနွံတာခံရှာတဲ့ သူငယ်ချင်းကောင်းလေးတစ်ဦးပါ။ ခင်မင်မှုနံရံပါးပါးလေးကို တိုးတိုက်ထွင်းဖောက်လိုက်ဖို့ ကျနော်စိတ်ကူးတွေ မ၀ံ့ရဲပါဘူး။ ဒါပေမယ့် ကျနော် စံပယ်လေးကို မြတ်နိုးတွယ်တာမိနေပါပြီ။

စံပယ်လေးကို ချစ်တာ .. ခြွေခူးဖို့ ရည်စူးမယ့် စိတ်ကူးလေးမရှိခဲ့ပါဘူး။
စံပယ်သိအောင်ပြောချင်တယ်..မချစ်ဘူးလို့ အချစ်ဦးမို့ ကိုယ်အရူးမူးချစ်မိနေပြီ..
စံပယ်လေးရယ်
အရိုးသားဆုံးအချစ်နဲ့ချစ်ခဲ့တယ်။

ပထမနှစ်၊ ဒုတိယနှစ်၊ တက္ကသိုလ်ကျောင်းသားဘ၀တွေဖြတ်သန်းခဲ့ပြီး၊ နောက်ဆုံးနှစ်မှာ ကျနော်သူ့ကို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဆီကိုဖုန်းဆက်ပြီး ကျနော့်ရင်ထဲက ချစ်ခြင်းမေတ္တာတွေအကြောင်း သူ့ကိုပြောပြဖြစ်ပါတယ်။ သူက ရယ်ပြီးတော့ ကျနော့်ကို သူပြောဖို့ စကားတွေရှိတဲ့အကြောင်း၊ သူ့အိမ်ကိုလာခဲ့ဖို့ ခေါ်ပါတယ်။ ကျနော်က သူ့အိမ်ကိုသွားပြီး သူနဲ့စကားပြောရမယ်ပေါ့။ အဲဒီတုန်းက ကျနော်ရင်ထဲမှာ စံပယ်တွေပွင့်လိုက်ကြတာ..ဖွေးဖွေးလှုပ်လို့..။

(၃)
ငါ..နင့်ကို ငြင်းတာမဟုတ်ဘူးနော်။ ငါ..နင့်ကို အမြဲတမ်း ခင်သွားချင်ပါတယ်။ နင်နဲ့ငါက အမြဲတမ်း သူငယ်ချင်းတွေလေ..။

ကျနော် အဲဒီစကားသံတွေကြားခဲ့ရတယ်..။ စံပယ်တွေကို ချစ်မြတ်နိုးမိခဲ့တဲ့ ကျနော်..ဆက်ပြီး သူပြောလာမယ့် စကားတွေကို နားထောင်နိုင်စွမ်း မရှိတော့တာ အမှန်ပါ။ ဒုတိယနှစ်တုန်းက သူ့ကို မေတ္တာရှိကြောင်းပြောခဲ့တဲ့ အကိုကြီးကို သူအဖြေပေးခဲ့တဲ့အကြောင်း၊ ကျနော်ကို ထိန်ချန်ထားတာမဟုတ်သလို အသိပေးလို့မဖြစ်တဲ့ အခြေအနေတွေကြောင့် ပြောချင်ပေမယ့် မပြောဖြစ်ခဲ့ရတဲ့အကြောင်း၊ ကျနော်ကိုစဉ်းစားမယ်ဆို စဉ်းစားလို့ရပေမယ့် မိန်းမကောင်းဆိုတာ တစ်ပွင့်ပန်းကောင်းပန်တဲ့ အတွက်ကြောင့်၊ နောက်တစ်ယောက်ဆိုပြီး မျက်နှာမများလိုတော့တဲ့အကြောင်း၊ သူ့ကိုနားလည်ပေးဖို့ အကြောင်း...

အိမ်အပြန်လမ်းမှာ ကျနော့်ခြေလှမ်းတိုင်းဟာ တိုးတိတ်ခြောက်ကပ်စွာ အသက်မဲ့နေပါတယ်။
ကျနော်ကစံပယ်တွေကို နားလည်ခဲ့သလို စံပယ်တွေကလည်းကျနော့်ကိုနားလည်ခဲ့ပါတယ်။ နောက်ပိုင်း ကျနော်စံပယ်တွေကို ပိုပြီးမြတ်နိုးတတ်လာခဲ့တယ်။ စံပယ်လေးဟာ ကျနော့်အပေါ်မှာ ရိုးသားဖြူစင်သလို သူ့ချစ်သူအပေါ်မှာလဲ သစ္စာမပျက်ခဲ့ပါဘူး။ သူတို့မင်္ဂလာပွဲကို ကျနော်မတက်နိုင်ခဲ့ပဲ မင်္ဂလာပွဲအတွက် စံပယ်ပန်းကုံးလေးတွေကို မင်္ဂလာပန်းကုံးလေးအဖြစ် လက်ဖွဲ့ခဲ့ပါတယ်။ စံပယ်ပန်းလေးတွေကို ချစ်တဲ့ သူ တစ်ယောက်.. ဘ၀လမ်းခရီးမှာ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုတောင်းရင်း .. ကျနော်ကတော့ အဝေးတစ်နေရာကိုရောက်နေခဲ့ရပါတယ်။

(၄)
အခုချိန်ဆို ကျနော်တို့ခြံထဲမှာ စံပယ်တွေဖွေးဖွေးလှုပ်အောင် ပွင့်နေကြလောက်ပြီ။ ကျနော်ကလည်း စံပယ်ပန်းတွေမြင်ရင် တစ်ယောက်သောသူကို ပြေးပြီးသတိရမိတတ်သလို၊၊ စံပယ်ပန်းရနံ့တွေရရင်လဲ ရင်တွေလှုပ်ရှားနေမိတတ်ပါတယ်။ အခုတော့လဲ စံပယ်တွေရဲ့အဝေးမှာ စံပယ်တွေပွင့်တာလဲ မမြင်ရတာကြာခဲ့ပြီ၊ စံပယ်ရနံ့ကိုလဲ မရခဲ့တာကြာခဲ့ပါပီ။ ကျနော့်ရင်ထဲက စံပယ်လေးကတော့ သူ့မိသားစုနဲ့ သူပျော်နေမှာဖြစ်သလို..သူ့ခေါင်းမှာလဲ စံပယ်တွေဝေနေအုံးမှာပါပဲ။

တချို့က နှင်းဆီဟုဆိုကြ၍ တချို့က သဇင်ဟုဆိုကြသည်။ တချို့ကတော့ ခတ္တာ၊ တချို့ကတော့ ဇီဇ၀ါဟု ပြောကြလေသည်။ ပန်းလေးတွေဟာ ဘယ်လောက်လှပကြောင်း၊ ဘယ်လောက်မွှေးပျံ့ကြောင်း၊ ထိုသို့ ပန်းလေးတွေအကြောင်း ပြောကြတိုင်း ကျနော့်ရင်ထဲတွင် အမြဲမွှေးပျံ့ပြီး အမြဲပွင့်လန်းလျက်ရှိနေတဲ့ ပန်းလေးတစ်ပွင့်ကို သွား၍သတိရနေမိတတ်ပါသည်။

ဆောင်းချမ်းမိုး
ကိုရွာသား (ရွာသားလေး-၀ိုင်တီယူ)TAG သော ပို့စ်အားရေးပါသည်။