Thursday, September 17, 2009

ပန်းကလေးများ ပွင့်ကြသည်

လက်ရှိအခြေအနေကတော့ ဘယ်သူ့ကိုရွေးချယ်လို့ ရွေးချယ်ရမှန်းမသိအောင် အခက်ကြုံနေခဲ့သည်။ ဥယျာဉ်မှူးလေး စိုက်ပျိုးခဲ့သော ဖူပွင့်ဝေဆာနေသည့် ပန်းလေးတွေကို ဥယျာဉ်မှူးလေး ချစ်မြတ်နိုးသည်မှာ အသေအချာပင်ဖြစ်၏။ ပန်းလေးတွေ အားလုံးကို သူပြုစုပျိုးထောင်ခဲ့၏။ ထို့ကြောင့် ပန်းလေးတွေအားလုံးကို ချစ်၏။ အဘယ်ပန်းလေးက ပိုလှ၍ အဘယ်ပန်းလေးကို ပိုချစ်မြတ်နိုးသည်။ အဘယ်ပန်းလေးကို ပိုတန်ဖိုးထားပါသည် ဟု ပြောဆိုရန်မှာ ဥယျာဉ်မှူးလေးအတွက် ပိုခက်ခဲလှပါသည်။ ဆိုခဲ့ပေသည်ကော.. ကိုယ်ကိုယ်တိုင်တယုတယစိုက်ပျိုးထားသော ပန်းကလေးများအားလုံးကို ချစ်မြတ်နိုးပါသည်ဟု....။ ဤသို့ဆိုရလျှင်ဖြင့် လွန်များ လွန်လွန်းနေပြီလော...

(၁)
ကျနော့်ရင်ထဲက ပထမဆုံးပွင့်လန်းလာသော ပန်းကလေး၊

လွန်ခဲ့သော ရက်များစွာက မြို့ထဲလမ်းမတစ်ခုပေါ်မှာ သူမနှင့်ကျနော် ပြန်လည်ဆုံတွေ့ခဲ့ကြ၏။ ကျနော်က မမှတ်မိခဲ့ပေမယ့် သူမက မြင်မြင်ချင်းကျနော့်ကို မှတ်မိကာ လိုက်ခေါ်ခဲ့တယ်။ သူလေးက ဟိုး..အရင်ကတည်းက ကျနော် တင်းနစ်သင်ပေးခဲ့တဲ့ ကောင်မလေးပေါ့။ နှစ်တွေကလည်းကြာခဲ့ပြီဆိုတော့ ကျနော်မေ့နေခဲ့တာလည်း မဆန်းတော့ပါဘူးလေ။ သူ့သတင်းတွေကြားခဲ့ နားထောင်ခဲ့ပေမယ့် ရုတ်တရက်ကြီး အပြင်မှာတွေ့တော့ မမှတ်မိတော့တာပါ။ တစ်ယောက်တစ်နိုင်ငံစီမှာနေကြပေမယ့် သူကတော့ ကျနော့်အကြောင်းတွေကို နားစွင့်နေခဲ့တာပါတဲ့။ ဒီလိုနဲ့ ကော်ဖီဆိုင်လေးတစ်ခုမှာ နှစ်ယောက်အတူသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ခဲ့ကြပါတယ်။

သူ..ကျနော့်ကို မမေ့သေးဘူး။ ကျနော်နဲ့ပတ်သက်သမျှ အကြောင်းအရာတွေအတော်များများ သူပြောပြနိုင်တယ်။ နောက်နေ့တွေများမှာလည်း ကျနော်တို့ ရံဖန်ရံခါဆိုသလို တွေ့ဖြစ်ခဲ့ကြပါတယ်။ သူစင်္ကာပူမှာရှိနေတဲ့ရက်တွေမှာပေါ့။ တိုင်းတပါးသူမို့ ပွင့်လင်းတာလား..ရဲတင်းလွန်းတာလားမသိ။ သူ့အကြည့်တွေက ကျနော့်အပေါ်မှာ မရိုးသားသလိုလိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်နှလုံးသားကိုတော့ အနည်းငယ် လှုပ်ရှားသွားစေခဲ့ပါတယ်။ ကျနော့်ကိုယ်ကျနော် မေးကြည့်တယ်။ သူက ကမ္ဘာကျော်အားကစားမယ်တစ်ယောက် ဖြစ်နေခဲ့လို့များလား..။ သူက တခြားမိန်းကလေးတွေထက် ဆွဲဆောင်မှုအားကောင်းလွန်း နေခဲ့လို့များလား။ မဟုတ်ပါဘူး.။ ဒါပေမယ့် ဘာကြောင့်ဒီလို ရင်ထဲမှာလှုပ်ရှားနေရတာလဲ ဆိုတာကို အဖြေလည်း တိတိကျကျမပြောနိုင်ပြန်ပါဘူး။ ခုချိန်ထိတော့ အဆက်အသွယ်မပြတ်ဆိုသလို ရှိနေတုန်းပဲ။ သူလည်းမျှော်လင့်နေသလို..ကျနော်လည်း ဘယ်လိုလုပ်ရမလဲဆိုတာ ရေရေရာရာမသိသေးဘူး။ ကျနော့်ရင်ထဲက ပန်းလေးတစ်ပွင့်ကို ကျနော်ဘယ်လိုဆွတ်ခူးရက်ပါ့မလဲ။ သူမကတော့ ရုရှားက တင်းနစ်မယ်လေး ရှာရာပိုဗာ..။ ဥယျာဉ်မှူးလေးအတွက် ဆွတ်ခူးဖို့ရန် မရဲမ၀ံ့ဖြစ်နေရတဲ့ ပန်းလေးတစ်ပွင့်ပေါ့။

(၂)
ဒုတိယမြောက် ပွင့်လန်းလာသောပန်းလေးတစ်ပွင့်

အိပ်မရတဲ့ညတွေမှာ တချို့လူတွေဘယ်လို နေကြတယ်မသိ။ ကျနော်က အများသောအားဖြင့် သီချင်း နားထောင်လေ့ရှိပါတယ်။ ဘာသီချင်းမျိုးလည်းဆိုရင် အမျိုးအမည်မပြောရလောက်အောင် သီချင်းမျိုးစုံပါပဲ။ ရော့ခ်၊ အော်လ်တာ၊ ပန့်၊ ပေါ့ .. အာလုံးလိုလို နားထောင်ခံစားတတ်ပါတယ်။ ဒါပေမယ့် အဆိုတော်တွေထဲမှာတော့ များသောအားဖြင့်က Avril Lavinge သီချင်းတွေပဲနားထောင်ဖြစ်တာ များခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတာတော့ မသိခဲ့ဘူး။

မနှစ်က မလေးရှားရှိုးပွဲက အပြန်မှာ ကျနော်နဲ့သူမ ခင်မင်သွားခဲ့ကြပါတယ်။ ကျနော့်သူငယ်ချင်းက သူမရဲ့မန်နေဂျာ ဖြစ်နေခဲ့တာလဲ သူနဲ့ကျနော် ခင်မင်ရင်းနှီးသွားဖို့ အကြောင်းအရင်းတစ်ခုဖြစ်လာတယ်။ ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက်ရဲ့ဆက်ဆံရေးကလဲ မီဒီယာတွေကြားမှာ ဇာတ်လမ်းကြီးတစ်ခုသဖွယ် ဖြစ်လာခဲ့တာပေါ့။ အစက ဘာမှမဟုတ်ကြပေမယ့် သတင်းဖွချင်တဲ့ ဂျာနယ်လစ်တွေနဲ့ မီဒီယာတွေကြားမှာ ကျနော်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးခင်မင်တွယ်တာလာကြတယ်။ ကျနော်ပျင်းတဲ့အချိန်ဆို ကျနော့်အခန်းထဲမှာ သူကိုယ်တိုင် ကျနော့်ကို ဂစ်တာတီးပြီး သီချင်းလာဆိုပြတယ်။ တခါတလေ နှစ်ယောက်သား shopping သွားကြတာတို့၊ ကမ်းခြေတွေဘက် အပန်းဖြေခရီးထွက်ကြတာက လွဲလို့ ကျနော်တို့ ဒီထက်ပို မလွန်ကဲခဲ့ကြပါဘူး။ ပန်းလေးကလည်း မဆွတ်ခင်က ညွှတ်ချင်နေသလို ပန်းလေးကိုခူးချင်နေသူကလဲ ခူးဖို့ရာ မရဲဖြစ်နေခဲ့ပါတယ်။ အခုချိန်ထိကတော့ ကျနော်တို့ ဆက်ဆံရေးတွေ နွေးထွေးဆဲပါပဲ..။

(၃)
တတိယမြောက် ဖူးငုံသစ်စ ပန်းလေးတစ်ပွင့်

ဒီကောင်မလေးက ငယ်သေးတယ်။ ကျနော့်ထက်တော်တော်ငယ်သေးတော့ ခက်နေရတယ်။ တကယ်ဆို ကျနော်ကလည်း မိန်းကလေးချောချောလေးတွေနဲ့တွေ့တိုင်း လွယ်လွယ်နဲ့တော့ ရင်ခုန်တတ်သူမဟုတ်။ သူလောက်လှတဲ့သူတောင် သူလောက်မလှဘူးလို့ ကျနော်တွေးတွေးနေမိတတ်တာတော့ သူမနဲ့တွေ့မှပဲပေါ့။ အနှီမိန်းကလေးကတော့ ခေသူမဟုတ်။ အရင်လကမှ မစ်ယူနီဗားစ်ဆုရထားတဲ့ ဗင်နီဇွဲလားသူလေးလေ..။ ပန်းပွင့်လှလှလေးတွေမြင်တိုင်း ခူးချင်နေတတ်သူ မဟုတ်ပေမယ့် ပန်းပွင့်လေးတွေရဲ့ အလှမှတ်တမ်းကို တင်ခွင့်ရတဲ့သူ တစ်ယောက်အနေနဲ့ ကမ္ဘာပေါ်က အလှဆုံးပန်းလေးတစ်ပွင့်နဲ့ တွေ့ခွင့်မြင်ခွင့်ရတာကတော့ မထူးဆန်းခဲ့ပါဘူး။

ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးနေပေမယ့် မယ်စကြာဝဠာရွေးပွဲရဲ့စင်မြင့်ထက်မှာတော့ ကျနော်ဘယ်သူ့ဘယ်သူ့ကိုမှ မျက်နှာမလိုက်ခဲ့ပါဘူး။ ဒိုင်တစ်ယောက်အဖြစ် အားလုံးက ၀ိုင်းပြီးအကူအညီတောင်းခံခဲ့လို့ မယ်စကြာဝဠာပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်လုပ်ခဲ့ရပေမယ့် သူနဲ့ကျနော်ရင်းနှီးလို့ ကျနော်ရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ အဲဒီနောက်ပိုင်း လူတွေရဲ့ကြား ကျနော်နဲ့သူမနဲ့အကြောင်း ကောလဟာလတွေ အမျိုးမျိုးထွက်လာခဲ့ပေမယ့် .. တကယ်လှတဲ့ ပန်းလေးကိုပဲ ကျနော်ရွေးချယ်ခဲ့တာ ကျနော့်ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်။

အထိမ်အမှတ်ညစာစားပွဲ ညမှတော့ ကျနော့်ကို အမှတ်တရပန်းစည်းလေး ပေးခဲ့ပါတယ်။ ကျနော်တို့ ရင်းနှီးမှုရှိကြတာ မှန်ပေမယ့် ခင်မင်မှုစည်းကိုတော့ ကျနော်တို့ မဖြတ်ကျော်ခဲ့သေးတာ အသေအချာပါ။ စိတ်ကစားတတ်တဲ့ မိန်းကလေးငယ်တစ်ယောက်ရဲ့ သဘာဝကို သိနားလည်ပေမယ့် ကလေးငယ်တစ်ယောက်လို ဆိုးနွဲ့စွာ ဆက်ဆံတတ်တဲ့ သူမအပေါ်မှာ ကျနော့်စိတ်တွေ ညွှတ်ချင်သလို ဖြစ်နေခဲ့မိပါတယ်။ တနေ့နေ့တချိန်ချိန်မှာ ကျနော်ဆွတ်ခူးမယ့်ပန်းကလေးက သူမများဖြစ်နေမလားဆိုတာကတော့ မပြောတတ်သေးပါဘူး။ ဘာပဲဖြစ်ဖြစ်ပါလေ.. သံယောဇဉ်တွေက သူမအပေါ်မှာ ခိုင်မာနေခဲ့ပါတယ်။

(၄)

ကျနော်ရင်ထဲမှာ ပန်းလေးတွေ ဖူးငုံပွင့်ဝေနေပြီ။ ကျနော်ကိုယ်တိုင် ပန်းလေးတွေကို မချူရဲ မဆွတ်ရဲ..။ သူတစ်ပါးဆွတ်မှာကိုလည်း စိုးရွံ့လို့နေပါသေးတယ်။ အနီရောင်ကိုရွေးရမလား၊ အဖြူရောင်ကိုရွေးရမလား၊ အ၀ါရောင်လေးကို ရွေးရမလား..။ ဘာပဲဖြစ်ဖြစ် ပန်းကလေးတွေကို မြတ်မြတ်နိုးနိုးချစ်ခင်တတ်သူအဖို့ကတော့ ဘယ်ပန်းပဲဖြစ်ဖြစ် လှပဝေဆာနေတာပါပဲလေ။ ဒါပေမယ့် ရွေးချယ်ခွင့်ရှိသူ တစ်ယောက်အဖို့ အလှဆုံးတွေထဲက အလှဆုံးကို ရွေးဖို့ဆိုတာ မလွယ်ကူလှပြန်ဘူး။ အနီရောင်ကိုရွေးရမလား၊ အဖြူရောင်ကိုရွေးရမလား၊ အ၀ါရောင်လေးကိုရွေးရမလား..။ သူတစ်ပါးဆွတ်မှာကိုလည်း စိုးရွံ့လို့နေပါသေးတယ်။ ကျနော်ကိုယ်တိုင် ပန်းလေးတွေကို မချူရဲ မဆွတ်ရဲ..။ ကြည့်ပါအုံး . . ကျနော့်ရင်ထဲမှာ ပန်းတွေပွင့်ဝေနေလိုက်တာ...။

ဆောင်းချမ်းမိုး
(မမ၀ါ ရဲ့ Tag Post  လေးကို ခင်မင်စွာရေးဖွဲ့ပါသည်။ အနှစ်အဓိပ္ပာယ်မရှိလှပေမယ့် တခဏတာတော့ဖြင့်  ပြုံးပျော်ရွှင် နိုင်ကြပါစေခင်ဗျာ။)

Related Post : ထားခဲ့ဖူးသောရည်းစားများ - ဆောင်းချမ်းမိုး