Saturday, November 21, 2009

ချစ်သောဘလော့ဂါ

ကျနော်တွေးမိတာလေးတွေ .. ကျနော့်ခံစားချက်လေးတွေ .. ကျနော်အမှတ်တရလေးတွေ .. ကျနော့်ဘ၀လေးမှာ ကျနော်ဘယ်သူကို ပြောပြရမလဲ.. ။
အိမ်နဲ့ဝေးနေရတဲ့သူ တစ်ယောက်အဖို့ အထီးကျန်ဆန်တာထက် ခြောက်သွေ့ကွဲအက်နေခဲ့တာပါ..။ အဲဒီလိုနဲ့ ကျနော် ခြေလှမ်းတစ်လှမ်း စလှမ်းခဲ့တယ်။ songchanmoe.blogspot.com ဆိုတဲ့ နေရာလေးကို ......... ။

ကေမှူးပိုင်ချို

မထင်မှတ်ဘဲ.. မရည်ရွယ်ဘဲ.. အင်တာနက်ပေါ်မှာ ဘလော့လေးတစ်ခုကို စဖတ်မိခဲ့တယ် ။ လွန်ခဲ့တဲ့ တစ်နှစ်ကပေါ့။ စာရေးဆရာမလေး.. ကဗျာဆရာမလေး..။ အဲဒီလိုထင်ခဲ့မိတာ။ မဟုတ်ပါဘူး.. သူမက ဘလော့ဂါပါ။ ကျနော့်ဘလော့ ရေးဖို့အတွက် သူမဆီက အကူအညီအများကြီးရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အသည်းကွဲနေတဲ့ အချိန်ပါ..။ ဒီတော့ အသည်းကွဲတဲ့ကဗျာတွေ ရေးခဲ့တယ်လေ ။

အသည်းကွဲတဲ့အချိန်မှာ အသည်းကွဲတဲ့ ကဗျာရေးမယ် ..။ ကြည်နူးတဲ့ အချိန်မှာ ကြည်နူးတဲ့ အကြောင်းလေးတွေ ရေးမယ်။ အိမ်ကို သတိရတဲ့အချိန်၊ အမိမြေကို တမ်းတတဲ့အချိန်တွေမှာ လွမ်းတဲ့အကြောင်းတွေ ရေးမယ်ပေါ့ ။ သူများအကြောင်းကို ရေးချင်ရေးလိမ့်မယ်။ ကိုယ့်အကြောင်းကို ရေးချင်ရေးလိမ့်မယ်။ ကြီးကျယ်မယ် ခမ်းနားမယ်။ ဒေါသတွေပါမယ်။ အားမရတာတွေပါမယ်။ ဒါဟာ လူငယ်တစ်ယောက်ရဲ့ ဘ၀ဖြတ်သန်းမှုခရီးစဉ်ဖြစ်ချင်ဖြစ်မယ်။ ဒိုင်ယာရီ မှတ်တမ်းတစ်ခုဖြစ်ချင်ဖြစ်မယ်။ ခံစားချက်တွေ ဖွင့်ဟခွင့်ရတဲ့ နေရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ လူငယ်တွေကို သူ့တို့ပြောချင်တာလေးတွေ ပြောခွင့်ပေးလိုက်ပါ ဆိုရင် ... ဟုတ်ပါတယ် အဲဒီနေရာက ဘလော့ဖြစ်ပါလိမ့်မယ်။

ဘလော့တွေကို အရူးအမူးဖြစ်တဲ့အထဲမှာ သူမကလည်း ဘလော့ချစ်တဲ့လူတစ်ယောက် ဖြစ်ပါတယ်။ ဘလော့ဂါဆိုတာ စီဘောက်လေးတပ်ရတဲ့အကြောင်း၊ ကွန်းမန့်ဆိုတာ စာရေးတဲ့လူအတွက် အားဆေးပဲဖြစ်တဲ့အကြောင်း၊ TAG တယ်ဆိုတာ ဘလော့ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့အကြောင်း ရှင်းလင်းပြောပြခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကပေါ့ ... ။

ကျနော့်အတွေးတွေထဲမှ ဘလော့ဆိုတာ စတင်စီးဆင်းလည်ပတ်စပြုလာခဲ့ပါတယ်။ အရင်တုန်းက ကျနော့်သူငယ်ချင်း ကေမှူးပိုင်ချိုက အခုတော့ ကြည်ဖြူပိုင် ဖြစ်လာပါတယ် .. ။

ကျနော့်သူငယ်ချင်း လူပျိုကြီး

ကျနော့် စီဘောက်မှာ လာအော်သွားတာ .. ။ လူပျိုကြီးက ဘယ်သူပါလိမ့် ..။ လာအော်သွားတဲ့ လူတွေ ၊ စီဘောက်မှာ လာရေးသွားတဲ့ လူတွေက သူတို့ရဲ့လင့်(link) လေးတွေကို ထားသွားတတ်ကြပါတယ်။ အဲဒီလင့်တွေကမှ တဆင့် လာလည်သွားတဲ့လူတွေရဲ့အိမ်ကို ပြန်လိုက်လည်တတ်ကြပါတယ်။ ဒါကလည်း ဘလော့ဂါတွေရဲ့ထုံးစံကိုး ..။ ဒီလိုလုပ်ကြတာကို ဘယ်သူသတ်မှတ်တာလဲလို့ မေးရင် .. ။ ဘယ်သူမှမသတ်မှတ်ပါဘူး .. ။ ဘလော့ဂါတွေကိုမေးကြည့်ပါ။ သူတို့ အားလုံးဒီလို လိုက်လည်တတ်ကြပါတယ်။ ဒါဟာ ဘလော့ဂါတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုပါပဲ။

သူ့ဘလော့ကိုရောက်ပြီး .. သုံးရက်၊ လေးရက်၊ .. တစ်ပတ်လောက်အထိ သူဘယ်သူလဲဆိုတာ မသိရပါဘူး ။ ကျနော့်သူငယ်ချင်းတွေထဲမှာလည်း လူပျိုကြီးက များသကိုး။ အသည်းခဏခဏ ကွဲ ကွဲနေတဲ့ လူပျိုကြီး(ထိုလူကိုတော့ ကိုကြေကွဲကြီးလို့ ခေါ်ပါတယ်)၊ ချစ်တတ်လွန်းသော လူပျိုကြီး (ကိုကြည်နူးကြီး)၊ တွေးတောပူပန် စဉ်းစားနေတတ်တဲ့ လူပျိုကြီး (ပူပျိုကြီး)၊ ရှမ်းလူပျိုကြီး၊ တရုတ်လူပျိုကြီး၊ ဂွစာလူပျိုကြီး၊ စာဂျပိုး လူပျိုကြီး၊ ရှက်တတ်တဲ့လူပျိုကြီး၊ လူပျိုကြီးတွေများတော့ ဒီလူပျိုကြီးက ဘယ်သူလဲဆိုတာ စဉ်းစားလို့မရခဲ့တာ အမှန်ပါ။

ကိုကြည်နူးကြီးများလား ဆိုတော့ မဟုတ်ဘူး။ ကိုကြေကွဲကြီးလားဆိုတော့လည်း .. မဟုတ်ပါဘူး။ ဒါနဲ့ တရုတ်စကားမတတ်တဲ့ တရုတ်လူပျိုကြီးကို မေးရပါတော့တယ်။ သူကပြောပြလိုက်ပါတယ် .. ။ အနှီလူပျိုကြီးကတော့ လူပျိုကြီးတို့ရဲ့ ဂိုဏ်းချုပ်ကြီးဖြစ်တဲ့ လူပျိုကြီးဖြစ်ကြောင်း သိရပါတော့တယ်။

ဘလော့ဂါဆိုတာလည်း စာရေးဆရာတစ်ယောက်လိုပါပဲ ကလောင်နာမည်နဲ့ ရေးတတ်ကြပါတယ်။ ဘလော့ဂါဆိုတာ စာရေးဆရာတစ်ယောက်လောက် တာဝန်မကြီးပေမယ့် .. ။ ကိုယ့်နာမည်လေးကိုတော့ အထူးဂရုစိုက်ရပါတယ်။ တချို့က နာမည်ဝှက်၊ တချို့က အဖျားဆွတ် .. ဘလော့ဂါတွေရဲ့ နာမည်တွေက ဆန်းကြယ်တယ်၊ လှပတယ်၊ ရိုးရှင်းတယ်၊ ချစ်စရာကောင်းတယ်။ ဘလော့တစ်ခုစီတစ်ခုစီမှာ ဘလော့ဂါနာမည်နဲ့ ဘလော့နာမည်လေးတွေရှိတတ်ကြပါတယ်။

လူပျိုကြီးက သူ့အတွေးအမြင်တွေအပြင် နည်ပညာရပ်အပိုင်းတွေကိုလည်း ရေးတတ်သူဖြစ်ပါတယ်။ ပြီးတော့ကိုယ့်အရပ်ကိုယ့်ဒေသ မန္တလေးအကြောင်းတွေပြောတတ်သူပါ။ အဲဒီတော့ ဘလော့ပေါ်မှာ သူ့စာကိုဖတ် ရေနွေးကြမ်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေတွေးလို့ အလွမ်းဖြေရပါတယ်။ ဒီလိုပါပဲ .. ဘလော့ပေါ်မှာ ကိုယ့်ဒေသကိုယ့်ရပ်ကိုယ့်ရွာက ဘလော့ဂါတွေ အများကြီးပါပဲလေ .. ။ တစ်အိမ်နဲ့ တစ်အိမ် လည်ပတ်အလွမ်းပြေရပါတယ်။ ခုတော့ လူပျိုကြီးလည်း နာမည်ပြောင်းသွားပါပြီ။ ကိုရင်အေး တဲ့လား..။

Mr DBA


လူပျိုကြီးရဲ့သူငယ်ချင်းဆိုတော့ ကျနော့်ဘလော့လေးကို အထူးအဆန်းသဖွယ် လာရောက်ကြည့်ရှုတဲ့ လူကြီးပေါ့ .. ။ ကျနော်တို့ကတော့ ကိုကိုဒီဘီလို့ ခေါ်ပါတယ်။

သူ့ဘလော့လေးဟာ .. ခန့်တယ် .. သပ်ရပ်တယ် .. ထည်ဝါတယ်။ နည်းပညာပိုင်းတွေလဲ ရေးတယ်။ အတွေးအမြင်တွေကိုလည်း ပေးတယ်။ ကျနော်တို့ရဲ့ နည်းပညာသမား အကိုကြီးတစ်ယောက်ပါ။ photographer ဘလော့ဂါတစ်ဦးပေါ့ .. ။ ဘလော့တွေကို လျှောက်လည်တတ်တယ် ။ စာဖတ်ပါတယ်။ ဘလော့တွေကို ချစ်တတ်တဲ့လူတစ်ယောက်ပါပဲ ။ သူ့ဘလော့ရဲ့ နဘေး sidebar လေးတွေမှာ လင့်လေးတွေရှိပါတယ်။ ဒါကလည်း ဘလော့ဂါတွေရဲ့ ဘလော့လေးတွေမှာ ရှိတတ်တဲ့ အိမ်ရဲ့ အပြင်အဆင်လေးတွေပေါ့။

ကျနော်မိတ်ဆွေကြီးရဲ့ ဘလော့မှာ ဧည့်သည်တော်မှတ်တမ်းရှိတယ်။ လက်စွမ်းပြရိုက်ကူးထားတဲ့ သူ့ရဲ့ photo တွေရှိတယ်။ ဒါက ဘလော့ဂါရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုလည်းဖြစ်တယ်။ ဘလော့ဆိုတာ ဘာလဲလို့ မေးရင်တော့ အဲဒါ ဘလော့ဖြစ်ပါတယ်လို့ ညွှန်ပြ ဖြေဆိုရုံပါပဲ..။

ကျနော် ဘလော့တွေကြားထဲရောက်နေချိန်တွေမှာ အမှတ်တရ တစ်ခုရှိခဲ့တာကတော့ ကိုကိုဒီဘီရဲ့စီဘောက်မှာ ကျနော်တို့ သီချင်းတွေအော်ဆိုခဲ့တဲ့ အချိန်တွေပါပဲ ..။ ရုံးကပြန်လာ ညနေစားသောက်ပြီး ညရှစ်နာရီလောက်ဆိုရင် ကျနော်တို့ ကိုကိုဒီဘီရဲ့ စီဘောက်မှာသွားပြီး သီချင်းဆိုတတ်ပါတယ် ။ သူ့စီဘောက်မှာက အရုပ်(icon) လေးတွေလဲရှိတာကိုး .. ။ ဟုတ်ပါတယ် .. ဟိုးအရင်တုန်းကပေါ့ဗျာ ။

ဘလော့ရေးတဲ့ လူတစ်ယောက်ဟာ ဘလော့စာဖတ်ပရိတ်သတ်တစ်ယောက် ဖြစ်နိုင်သလို၊ ဘလော့ဖတ်တဲ့ လူတစ်ယောက်ကလည်း ဘလော့ရေးတဲ့ ဘလော့ဂါတစ်ယောက် ဖြစ်နိုင်ပါတယ်။ တစ်ယောက်အတွေး၊ တစ်ယောက်အမြင်၊ တစ်ယောက်ခံစားချက်၊ တစ်ယောက်အသိဥာဏ်၊ တစ်ယောက်ဗဟုသုတ အာလုံးရှယ်ယာလုပ်ပြီး မျှဝေခဲ့ကြတာ အဲဒါ ဘလော့ဂါတွေရဲ့ ဘ၀ တစိတ်တပိုင်းပါပဲလားခင်ဗျာ .. ။

ပြာသောကောင်းကင်

ကောင်းကင်ကြီးအောက်မှာ ကြီးပြင်းလာတဲ့ အပြာရောင်ကြိုက်တဲ့ သာမန်မိန်းကလေးတဦးပါ။ သူမက အဲလိုရေးထားပါတယ်။ သူမဟာ ဘလော့တွေကို ဖတ်တယ်။ မှတ်သားစရာရှိရင် စာအုပ်ထဲမှာ မှတ်သားထားတတ်ပါတယ်။ စာဖတ်သူတစ်ယောက်ဖြစ်သလို ဘလော့မှာ ရေးထားတဲ့စာတွေကိုလည်း လိုက်လံဖတ်ရှုတတ်သူ ဖြစ်ပါတယ်။

ဘလော့ဆိုတာဘာလဲ ဆိုတာတွေ..။ ဘလော့ရေးတဲ့နေရာမှာ ရှောင်ရန်ဆောင်ရန် ဆိုတာတွေထက် .. ။ ဘလော့ဘာဖြစ်လို့ရေးတာလဲလို့ မေးခဲ့ရင် .. ဖြေရမှာကတော့ တစ်ခုခုပြောချင်လို့ရေးတာပါလို့ ပြောရမှာပါပဲ .. ။ အဲဒါအမှန်ဆုံးပါပဲ။ စိတ်ထဲမှာ တစ်ခုခုခံစားနေရတဲ့အခါ .. ရင်ဖွင့်ပြောပြချင်တဲ့အခါ.. ကောင်းကင်ပြာဆိုတဲ့ ဘလော့လေးပေါ်မှာချရေးတတ်ပါတယ်။ သူ့ဘလော့လေးဟာ စိတ်ချမ်းမြေ့ဖွယ်ကောင်းပါတယ်။ ကျနော်ကွန်းမန့်ပေးရင် စ, သလို နောက်သလို ပေးတတ်တာမို့ ကျနော်ကွန်းမန့်မှာ တခုခုအမှားရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ ပြောခဲ့ဖူးပါတယ်။

ဘာသာရေးဘလော့၊ နိုင်ငံရေးဘလော့၊ နည်းပညာဘလော့၊ ပညာရပ်ဆိုင်ရာဘလော့၊ ဗဟုသုတပိုင်းဆိုင်ရာဘလော့၊ နှလုံးသားရေးရာဘလော့၊ ခံစားချက်ဦးစားပေးဘလော့၊ လူကြီးတွေရဲ့ဘလော့၊ လူငယ်တွေရဲ့ဘလော့၊ ဘလော့ပေါင်းမြောက်မြားစွာကြားမှာ ဘလော့ဖတ်ခြင်းအပြင်၊ ကိုယ့်ရဲ့အသိဥာဏ်ပညာ၊ ကိုယ့်ဦးနှောက်ကို အသုံးပြုပြီး ဖတ်၊ မှတ်၊ သိရှိနားလည်တတ်ဖို့ လိုအပ်ပါတယ်။

စာပေါင်းစုံဖတ်ပါ။ စာများများဖတ်ပါ။ စာအုပ်မဖတ်နိုင်သေးရင် ဘလော့တွေဖတ်ကြည့်ပေါ့။ ဘလော့တွေဆိုတာ လူတွေအကြောင်းကိုလဲ သိရတယ်။ ဗဟုသုတလဲ စုံတယ်။ ပညာလည်း ရချင်ရမယ်။ စိတ်ပျော်ရွှင်မှုလည်းရချင်ရမယ်။ ဘာပဲဖြစ်ဖြစ် ဘလော့ဂါတွေဆိုတာ သာမန်လူတွေသာလျှင်ဖြစ်တဲ့အတွက် လူတွေထဲမှာသွားလာနေရသလိုပါပဲ။ ဒါ့အပြင် သူမက ဒီဘလော့လေးကို ဖတ်ကြည့်ပါ။ ဒီပို့စ်လေးကို ဖတ်ကြည့်ပါလား .. စသဖြင့် ဘလော့လေးတွေကို လမ်းညွှန်ပေးတတ်ပါတယ်။

ဘလော့ရေးခြင်းက social network တစ်ခုအတွင်းမှာ ကျနော့်ကိုပါဝင်သွားစေပါတယ်။ မကောင်းကင်ပြာ (ကျနော်တို့ အခေါ် ပြာပြာ)နဲ့ ကြည်ဖြူပိုင် ကတော့ ဘလော့ဖတ်ခြင်းနဲ့ ဘလော့ရေးခြင်းမှာ ရူးသွပ်တဲ့ ဘလော့ဂါတွေအဖြစ် ကျနော်အသိအမှတ်ပြုခဲ့ပါတယ်။

ချစ်သောဘလော့ဂါ

ဘလော့ရေးတာ သိပ်မကြာလှသေးတဲ့ အချိန်ကာလ အတွင်းမှာပဲ ဘလော့ဂါသူငယ်ချင်း၊ ဒီထက်ပြောရရင် ဘလော့ဂါမောင်နှမတွေ အများကြီးနဲ့တွေ့ခဲ့ဆုံခဲ့ပါတယ်။ ဘလော့တွေကို သွားရောက်လည်ပတ်ပြီး ဖတ်ရှု့ခဲ့ပါတယ်။ ကိုမိုးကုတ်သားပြောသလို ရင်ဘတ်ချင်းတူသူတွေ ပေါင်းသင်းမိခဲ့ကြတာပါပဲ .. ။

မမခင်ဦးမေ၊ မမ၀ါ၊ ကိုရွာသား၊ ကိုသီဟသစ်၊ ကိုမိုးကုတ်သား၊ မကြီးရောင်၊ မြရေလျဉ်၊ ဖိုးသင်္ကြန်၊ ရေတမာ၊ တောင်ပေါ်သား၊ မိုးခါး .. အဲဒီနောက် တခြားသူငယ်ချင်းတွေ အများကြီးပဲ ဘလော့ပေါ်မှာ တွေ့ခဲ့ရပါတယ်။ သွားရောက်လည်ပတ်တတ်ပြီး ခြေရာတွေချန်မထားခဲ့တဲ့ ဘလော့လေးတွေလဲ အများကြီးပါပဲ .. ။ မခင်ပေမယ့် ကျနော်ဖတ်ခဲ့ဖူးပါတယ် ။ သွားရောက်လည်ပတ်လေ့ရှိပါတယ်။ လူငယ်တွေ အချင်းချင်း အတွေးအခေါ်၊ စိတ်ကူးအမြင်၊ ဗဟုသုတ၊ စိတ်ဓါတ်တွေ ဖလှယ်ခဲ့ကြတယ်ပေါ့ ။

ကျနော့်အတွက်တော့ ဘလော့တွေက ကောင်းကျိုးတွေဖြစ်စေခဲ့ပါတယ်။ ကျနော်လေ့လာနေတဲ့ ပညာရပ်နဲ့ပတ်သက်ပြီး ဘလော့တွေက အများကြီးအထောက်အပံ့ပေးခဲ့တယ်။ အိမ်ကိုလွမ်းနေသူတွေ အချင်းချင်း .. အလွမ်းပြေစကားတွေ ပြောခဲ့ဖူးတယ်။ ဗဟုသုတတွေလည်း အများကြီးရခဲ့တယ်။ အလုပ်မှာ အဆင်မပြေအခက်အခဲတွေနဲ့ တွေ့သမျှ ဘလော့မှာ အားပေးစကားပြောပြကြတယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်နေသမျှ ဘလော့ပေါ်မှာ အကောင်းအဆိုး အကုန်ကြားသိခဲ့ရတယ်။ သူများနိုင်ငံ ဘယ်လိုဖြစ်နေသလဲ အားလုံးသိရတယ်။ စာပေအယူအဆတွေဖတ်ရတယ်။ ပညာရှင်တွေအကြောင်းသိခဲ့ရတယ်။ အမှားတွေကိုလည်း ဝေဖန်ထောက်ပြခံခဲ့ရတယ်။ အဲဒါတွေကိုလည်း အချိန်မှီပြင်ဆင်နိုင်ခဲ့တယ်။ အဲဒီအတွက် ဘလော့ဂါတွေကို ကျေးဇူးလည်းတင်မိပါတယ်။

စာပေမှာ စာရေးသူတစ်ယောက်ဟာ စာဖတ်သူတွေအပေါ်မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် စာရေးသားတဲ့လူဟာ တာဝန်ကြီးပါတယ်။ သူစာတစ်ပုဒ်ကို တာဝန်ယူရပါတယ်။ ဘလော့ပေါ်မှာ ဘလော့ရေးတဲ့သူတွေဟာ အထိန်းအချုပ်မရှိ လွပ်လပ်စွာရေးသားနိုင်သလို ဘလော့ဖတ်သူတွေကလည်း အမှားအမှန်အကောင်းအဆိုး ကိုယ်တိုင်ခွဲခြားသုံးသပ်နိုင်ပါတယ်။ ဝေဖန်ထောက်ပြနိုင်ပါတယ်။

ဒီနေ့တော့ အမှတ်တရအနေနဲ့ ဘလော့နဲ့ပတ်သက်ပြီး ကျနော့်အမြင်၊ ဘလော့ရေးဖြစ်ခဲ့တဲ့ အကြောင်း၊ ဘလော့အပေါ်မှာထားတဲ့ သံယောဇဉ်အကြောင်းကို ရေးပါတယ်။ ကျနော့်မိတ်ဆွေ၊ သူငယ်ချင်းလေးတွေ အကြောင်း အမှတ်တရအဖြစ်နဲ့ ကျနော်ရေးသားခဲ့ပါတယ်။ ဒီလကုန်ရင်တော့ ကျနော့်ဘလော့လေးကို ပိတ်ပြီး၊ အိမ်အသစ်ဖြစ်တဲ့ www.songchanmoe.com ကို ပြောင်းရွှေ့ ရေးသားသွားပါတော့မယ်။ ကျနော့်ခံစားချက်ထက် ကျနော့်အတွေ့အကြုံ၊ ကျနော်ရခဲ့တဲ့ ဗဟုသုတလေးတွေကို ရေးသားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ချစ်သောဘလော့ဂါ အပေါင်း စိတ်ရွှင်လန်းချမ်းမြေ့ကြပါစေ ..

ဆောင်းချမ်းမိုး
(၁၉ နိုဝင်ဘာ ၂၀၀၉)